ကွမ်းခြံကုန်း ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေး ထိုး ဆေးတိုက်လုပ်ငန်း အစီအစဉ်တွင် (၁၃)ခုမြောက် ကာကွယ်ဆေးအဖြစ် သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးသည့် အိတ်ခ်ျပီဗီ(HPV)ကာကွယ်ဆေးကို (၂၀၂၀)ခုနှစ် စက်တင်ဘာလအတွင်း ထိုးနှံပေးမည်ဖြစ်၍ အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ် မကျော်သော အမျိုးသမီးငယ်များအား စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (Human Papilloma Virus) ထိုးနှံရန် (၂၀၁၀) စက်တင်ဘာမှ(၂၀၁၁) ဩဂုတ်လအတွင်း မွေးဖွားသူ အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ် မကျော် သော အမျိုးသမီးငယ်များအား သက်ဆိုင်ရာ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနနှင့် ကျေးလက် ကျန်းမာရေးဌာန ခွဲများ တွင် အမည်စာရင်း၊ မွေးသက္ကရာဇ်တို့ဖြင့် စာရင်းပေးသွင်းနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း ကျန်းမာရေး လုပ်သားများ၊ လူမှုကူညီရေး အဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက် စာရင်း ကောက်ယူခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေး ဌာနတွင် (၁၇၅)ဦး၊ လက်ခုပ်ကုန်းကျေးရွာ ကျန်းမာရေးဌာန တွင်(၂၂၆)ဦး၊ ဒရယ်လူးကျေးရွာ ကျန်းမာရေး ဌာနတွင် (၁၁၄)ဦး၊ တော်ကူးကျေးရွာကျန်းမာရေးဌာနတွင် (၃၂၄)ဦး၊ မန်းကလိပ် ကျေးရွာ ကျန်းမာရေးဌာနတွင် (၃၁၆)ဦး၊ သောင်ခုံကျေးရွာ ကျန်းမာရေးဌာနတွင် (၈၅)ဦး၊ စုစုပေါင်း (၁၂၄၀)ဦး ရှိကြောင်းသိရသည်။
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက် အစီအစဉ်တွင် ထည့်သွင်း၍ (၂၀၂၀)ပြည့်နှစ် စက်တင်ဘာလမှ စတင်ကာ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ပြီး အသက်(၉)နှစ်မှ(၁၀)နှစ်အထိ မိန်းကလေးငယ်တိုင်း တစ်ကြိမ်နှင့် တစ်ကြိမ်(၁၂)လ ခြားပြီး (၂)ကြိမ်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းစိုး (ပြန်/ဆက်)