နမ့်စန်(တ) ဇန်နဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ မြို့နယ်ကျောက်တိုင် အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် သံပုံးရိုက်၊ ခေါင်းအုံးရိုက် ၊ ချောတိုင်တက် ၊ပြေးခုန်ပစ် (ကျား/မ) အငယ်တန်း မီတာ (၁၀၀) ၊ မီတာ (၂၀၀) ၊ ပြေးခုန်ပစ် (ကျား/မ) အကြီးတန်း မီတာ (၁၀၀) ၊ မီတာ (၂၀၀) ၊ အာလူးကောက် (မ) အငယ်တန်း နှင့် အကြီးတန်း ၊ လွန်ဆွဲ (ကျား/မ)၊ သုံးချောင်းထောက် (ကျား/မ) အငယ်တန်းနှင့် အကြီးတန်း ၊ အိတ်စွပ် (ကျား/မ) အငယ်တန်းနှင့်အကြီးတန်း အားကစား ပြိုင်ပွဲများနှင့် ပိုက်ကျော်ခြင်း ၊ ဘော်လီဘော နောက်ဆုံးဗိုလ်လုပွဲများကို ကျင်းပခဲ့ရာ နမ့်စန် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အားကစားဝါသနာပါသူများနှင့် ကျောင်းသား/ ကျောင်းသူများက မိမိတို့နှစ်သက်ရာ အားကစားအမျိုးအစားအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် လွတ်လပ်ရေး အထိမ်းအမှတ် အားကစားပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ အားကစားအလိုက် ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်