ဆီဆိုင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

ဆီဆိုင် ဇန်နဝါရီ ၅

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့နယ်ခန်းမဆောင်ရှေ့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်က ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များနှင့်အတူ တက်ရောက်လာသူများက  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလံတိုင်ထိပ်သို့လွှင့်တင်ပြီး နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်အပေါင်းအား အလေးပြုခဲ့ကြောင်း သိရ သည်။

ဆက်လက်၍ နံနက် ၇ နာရီတွင် အဆိုပါ လွတ်လပ်ရေးကျောက်တိုင်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကိုဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ က ဖတ်ကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ ပအိုဝ်း၊ လီဆူ၊ ကယန်းစာပေယဉ်ကျေးမှုအဖွဲ့နှင့် လူမူရေးအသင်း အဖွဲ့များ၊ နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)