ဟိုပန်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

ဟိုပန်  ဇန်နဝါရီ ၅

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ လွတ်လပ်ရေး ကျောက်တိုင်တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုခဲ့ကြသည်။

ဆက်လက်၍ နံနက် ၇ နာရီတွင် ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမ၌ အခမ်းအနား ဆက်လက်ကျင်းပရာ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အလံအား အလေးပြုခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ဖတ်ကြားခဲ့သည်။

ယင်းနောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ဆုရကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)