လွိုင်လင် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ လွိုင်လင်မြို့နှင့် ပင်လုံမြို့ရှိ အချက်ပြမီးပွိုင့်များကို ယမန်နေ့ နံနက် ၈ နာရီမှ စတင်ကာ အသုံးပြုဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။
လွိုင်လင်မြို့နှင့် ပင်လုံမြို့ရှိ ပြည်သူများ၊ မော်တော်ယာဉ်အသုံးပြုသူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို စနစ်တကျ အသုံးပြုတတ်စေရန်၊ ခြေလျင်လျှောက်သူများအနေဖြင့် စနစ်တကျ လမ်းဖြတ်ကူးတတ်စေရန် လွိုင်လင်မြို့၌ BOC မီးပွိုင့်(ပြည်ထောင်စုလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်)တွင်လည်းကောင်း၊ သုခ မီးပွိုင့် (ဗိုလ်ချုပ်လမ်းနှင့် သုခလမ်းထောင့်)တွင် လည်းကောင်း၊ ပင်လုံမြို့ ဆေးရုံမီးပွိုင့် ( လမ်းမတော်လမ်း နှင့် တွံမိုလမ်းထောင့် ) တွင်လည်းကောင်း၊ ပင်လုံမြို့ မွေတော် လမ်းမီးပွိုင့် ( လမ်းမတော်လမ်း နှင့်မွေတော်လမ်းထောင့် ) တို့တွင်လည်းကောင်း တပ်ဆင်ထားပြီးအသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအချက်ပြမီးပွိုင်တပ်ဆင်ခြင်းကို လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၌ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ် ၅၂ . ၂၈၀ သန်းကို။ Clean & Green Cities ခေါင်းစဉ်မှ ဆောင်ရွက် ပေးထားခြင်းဖြစ်ကြောင်း အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တာဝန်ရှိသူတစ်ဉီးထံမှသိရသည်။
အချက်ပြမီးပွိုင့်စတင်ဖွင့်လှစ်သည့် ယနေ့ဇန်နဝါရီလ ၄ ရက်မှ ဇန်နဝါရီလ ၁၀ ရက်နေ့အထိ အမှတ် (၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက နေ့စဉ် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ပြည်သူများမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်း များ လိုက်နာတတ်စေရန် သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လွိုင်လင်မိုး