တွံတေး၌ မဲစာရင်းများ မှန်ကန်စေရေး၊ အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေး

တွံတေး ဩဂုတ် ၂၅

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရွှေလှေချောင်း(တွံ)ကျေးရွာအုပ်စု၊ ရွှေလှေချောင်(တွံ)ကျေးရွာတွင် ပထမအကြိမ် မဲစာရင်းများမှ ကွက်လပ်များကို ပြန်လည်ဖြည့်ဆည်းနိုင်ရေးအတွက် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးသက်ဦး၊ ရွှေလှေချောင်(တွံ)ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ ရာအိမ်မှူး  စာရေးဝန်ထမ်းတို့ လိုက်ပါလျက် မဲစာရင်း တိုက်ဆိုင်စစ်ဆေးမှု များအား အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ မဲစာရင်းများတိုက်ဆိုင် စစ်ဆေး ရာတွင် (ပထမ)အကြိမ်၊ မဲစာရင်းများ ကြေငြာရာမှာ အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင် အမည်စာရင်းတွင် ကွက်လပ် ကျန်ရှိမှုများကို အပြည့်အစုံ မှန်ကန် စွာ ပြင်ဆင်ဖြည့်ဆည်းခြင်း၊ မဲစာရင်းတွင် အမည်မပါရှိသေးပါက စာရင်းအသစ် ကောက်ယူခြင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ မြို့နယ်ဌာနဆိုင်ရာ ဦးစီးမှူး များ လည်း မိမိတာဝန်ကျရာ ရပ်ကွက်/ကျေးရွာများသို့  ယခုကဲ့သို့ကွင်းဆင်း ၍ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)