တွံတေး ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် ထူးချွန်ထက်မြက်သော အားကစားသမာများ ပေါ်ထွန်းလာစေရန်နှင့် ကျန်းမာ ကြံခိုင်သောလူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ ညနေ(၃)နာရီကမြို့မဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲတွင် ကွမ်းခြံအသင်းနှင့် စျေးသစ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကွမ်းခြံအသင်းက စျေးသစ်အသင်းကို (၂)ဂိုး(၀)ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။ ဆုပေးပွဲတွင် ဂိုးသမားအကောင်းဆုံးဆုကို ကွမ်းခြံအသင်းမှဝေဖြိုးအောင်၊ နောက်တန်း အကောင်းဆုံး ဆုကို စျေးသစ်အသင်းမှ အောင်ကျော်သူ၊ အလယ်တန်းအကောင်းဆုံးဆုကို ကွမ်းခြံအသင်းမှ ချစ်ဇော်ဝင်း၊ ရှေ့တန်းအကောင်းဆုံး ဆုကို စျေးသစ်အသင်းမှ သန်းထွန်းအောင်၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုကို ကွမ်းခြံအသင်းမှရာဇာ တို့က အသီးသီးဆုရရှိပြီး ဒုတိယရရှိသော စျေးသစ်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇာနည်မောင်ကလည်းကောင်း၊ ပထမရရှိသော ကွမ်းခြံအသင်းအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်က ဆုတံဆိပ်များ ချီးမြှင့်ပေးကာ ပထမဆုဖလားကို လုံခြုံရေး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအာကာက ကွမ်းခြံအသင်းအား ဆုဖလားချီးမြှင့်ပေးခဲကြောင်း သိရသည်။
ပထမဆုငွေကျပ်(၅၀၀၀၀၀)၊ ဒုတိယဆုငွေကျပ်(၃၀၀၀၀၀)နှင့် အကောင်းဆုံးဆု အားကစားသမားများအား တစ်ဦးလျှင် ဆုငွေကျပ် (၃၀၀၀၀)ကျပ်အား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။ ဗိုလ်လုပွဲသို့ ဌာနဆိုင်ရာများ ဒေသခံပြည်သူများ ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။