သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

သပိတ်ကျင်း    ဇန်နဝါရီ   ၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄ နာရီ ၂၀ မိနစ်က ကမ္ဘာအေးကွက်သစ်၊ ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို နံနက် ၇ နာရီတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့လာသော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ဆက်လက်၍ လွတ်လပ်ရေး နေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဘင်ခရာဂုဏ်ပြု တပ်ဖွဲ့အား ဂုဏ်ပြုဆုငွေများချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြိုင်ပွဲအလိုက်ဆုရရှိသည့် အားကစားသမားများ စုစုပေါင်းအင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

စိုးနိုင်ဝင်း (သပိတ်ကျင်း)