ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်အတွင်း ပူတာအိုခရိုင်ရုံး တိုးချဲ့ဖွင့်လှစ်သွားမည်

ပူတာအို  ဇန်နဝါရီ  

ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပူတာအိုခရိုင်ရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေး၊ စိုက်ပျိုးရေး အခြေခံထွက်ကုန်သီးနှံ များ တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပ တင်ပို့နိုင်ရေး၊ ကြိမ်ဝါးလက်မှုထည်များ၊ ရက်ကန်းလုပ်ငန်းနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ တိုင်းရင်းရိုးရာ လက်မှု ထည်များ တိမ်ကောပပျောက်မှုမရှိစေရေးနှင့် ဒေသစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဘဏ္ဍာနှစ်အတွင်း ပူတာအိုခရိုင်ရုံး တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

"ကျွန်တော်တို့ ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ ပူတာအိုခရိုင်၊ ဗန်မော်ခရိုင်၊ မိုးညှင်းခရိုင်မှာ ရုံးတိုးချဲ့ဖွင့်လှစ်သွားပါမယ်။ ဒီခရိုင်တွေကို တိုးချဲ့ဖွဲ့စည်းခြင်းအားဖြင့် ဌာနရဲ့လုပ်ငန်းဖြစ်တဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းတွေ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းတွေ ရက်ကန်းလုပ်ငန်းတွေ နောက်ပြီး အခါအားလျော်စွာ ဒေသခံတွေ အများဆုံးတောင်းလေ့တောင်းထရှိတဲ့ အသက်မွေး၀မ်းကျောင်းဆိုင်ရာ ကာလတို သင်တန်းတွေ နောက်တစ်ခါ တိုင်းရင်းရိုးရာ လက်မှုထည်လုပ်ငန်းတွေ ဦးစားပေးပြီး ပို့ချသွားပါမယ်။ အခု ဒီဘဏ္ဍာနှစ်အတွင်းမှာ ခရိုင်ရုံးဖွင့်ဖို့ ခွင့်ပြုထားပြီဖြစ်တဲ့အတွက် ခရိုင်ရုံးဖွင့်တာနဲ့ တောက်လျောက် အသက်မွေး ၀မ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်း​တွေပေးမှာဖြစ်လို့ ပူတာအိုခရိုင်ဟာ အရင်ကထက် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်" ဟု ကချင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းကပြောသည်။

" သင်တန်းအမျိုးအစားအနေနဲ့တော့ တန်ဖိုးမြှင့်စားသောက်ကုန်တွေပါမယ်။ လူသုံးကုန် တွေပါမယ်။ နောက်တစ်ခါ လက်မှုထည်တွေပေါ့။ ပူတာအိုခရိုင်မှာ နဂိုကတည်းက တိုင်းရင်း သားမျိုးနွယ်စုတွေရဲ့ ရက်ကန်းတွေရှိတယ်။ သို့သော်လည်း ဒီဘက်က စက်ရက်ကန်း လက်ရက် ကန်းလိုတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ ဂျပ်ခုတ်ဆန်ဆန် အထည်ရက်လုပ်တာ တွေရှိတယ်။ အဲတော့ ကျွန်တော်တို့ ရုံးစတင်ဖွင့်လှစ်ပြီးတော့ ရက်ကန်းလုပ်ငန်းတွေရှိမယ် စက်ချုပ်လုပ်ငန်းတွေရှိမယ် နောက်တစ်ခါ သဘာ၀ဆိုးဆေးလုပ်ငန်းတွေရှိမယ် ဌာနကသင်ပေး တဲ့ လုပ်ငန်းတွေ အကုန်တောက်လျောက်ပို့ချသွားမှာဖြစ်တဲ့အတွက် ပူတာအိုမှာ နဂိုကတည်းက အခြားဒေသနဲ့မတူတဲ့ ‌အအေးပိုင်းမှာ စိုက်ပျိုးတဲ့သီးနှံတွေ နောက်တစ်ခါလုပ်ငန်းရှင်တွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ နောက်ပြီး ပူတာအိုဒေသမှာ ခရစ်ယာန်သာသနာပြု ဆရာကြီးတွေ စိုက်ပျိုးခဲ့တဲ့ ဂရိတ်ဖရု၊ ဝါရှင်တန်၊ ဘုရင်သီး၊ အမေရိကန်သံပရာ စတဲ့ သီးနှံတွေဟာ ဒေသခံတွေ စိုက်ပျိုးတာနည်းလို့ ထွက်ကုန်လည်းနည်းပါတယ်။ တကယ်တမ်းကျတော့ အဲဒါတွေလည်း ပြည်တွင်းပြည်ပဈေးကွက်မှာ ရောင်းတမ်း၀င် လာအောင်စိုက်ပျိုးတဲ့ ခြံလုပ်ငန်းရှင်တွေများလာအောင် စည်းရုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်ပြီး ပူတာအို ဒေသမှာ ထွက်ရှိတဲ့ ကြိမ်ဝါးလက်မှုထည်လုပ်ငန်းတွေကိုလည်း နဂိုရှိပြီးသားတွေကို တိုးမြှင့်ပြီးတော့ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

လက်ရှိ ပူတာအိုဒေသနှင့် လိုက်လျောညီထွေရှိသည့် ဂရိဖရု၊ဝါရှင်တန်၊ နှင်းသီး၊ ဘုရင်သီးနှင့် ပူတာအိုဒေသထွက် စိုက်ပျိုးသီးနှံများ ပြည်တွင်းပြည်ပ‌ ဈေးကွက်သို့ တင်ပို့နိုင်ရေးနှင့် စိုက်ပျိုးထုတ် လုပ်သူလုပ်ငန်းရှင် တိုးပွားလာစေရေးအတွက် ဌာနမှ နည်းပညာများ ပံ့ပိုးပေး သွားမည်ဖြစ်ပြီး လက်ရှိ ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး ဖွင့်လှစ်ပြီး (၇)နှစ်တာကာလအတွင်း လုပ်ငန်းရှင် မှတ်ပုံတင် တင်ထားသူ စုစုပေါင်း (၅၀၆)ဦး ရှိသည့်အနက် ပူတာအိုခရိုင်မှ လုပ်ငန်းရှင် မှတ်ပုံတင် တင်ထားသူ(၄)ဦးသာ ရှိသည့်အတွက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း အရေအတွက် အနည်းဆုံးနှင့် ဒေသ GDP အနိမ့်ဆုံးခရိုင် ဖြစ်ကြောင်းသိရသည်။
ဖုန်ကန်(ပူတာအို)