ဆီဆိုင် ဇန်နဝါရီ ၅
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့နယ်ခန်းမဆောင်ရှေ့ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ ယမန်နေ့နံနက် ၄ နာရီ ၂၀ မိနစ်က ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ဂုဏ်ပြုတပ်ဖွဲ့ဝင် များနှင့်အတူ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလံတိုင်ထိပ်သို့ လွှင့်တင်ပြီး နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်အပေါင်းအား အလေးပြုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နံနက် ၇ နာရီတွင် အဆိုပါ လွတ်လပ်ရေးကျောက်တိုင်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သော ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေက ဖတ်ကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ ပအိုဝ်း၊ လီဆူ၊ ကယန်းစာပေ ယဉ်ကျေးမှုအဖွဲ့နှင့် လူမူရေးအသင်း အဖွဲ့များ၊ နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)