ဝိုင်းမော် ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း ခန်းမ၌ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ကချင် ပြည်နယ်နေ့အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် (၉)နာရီက ကျင်းပ ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ဝိုင်းမော်မြို့နယ် ပညာရေးရုံးမှဦးဆောင်မှုဖြင့် အထက်တန်းအဆင့် စာစီစာကုံး ကို ‘‘ဂုဏ်ပြုလျက်သာကချင်ပြည်နယ်နေ့မှာ’’ ခေါင်းစဉ်ဖြင့် ကျောင်းသား/ သူ (၂၇) ဦး၊ အလယ်တန်း အဆင့်စာစီစာကုံးကို ‘‘စည်းလုံးညီညာ ကချင်ပြည်နယ်နေ့မှာ’’ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ (၁၉) ဦး၊ မူလတန်းအဆင့် စာစီစာကုံးကို ‘‘ကချင်ပြည်နယ်နေ့ ဒို့မမေ့’’ ခေါင်းစဉ်ဖြင့် ကျောင်းသား/သူ (၄၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မြို့နယ်ပညာရေးမှူး ဉီးသန်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့သည်။
စာစီစာကုံးပြိုင်ပွဲတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား/သူ စုစုပေါင်း (၉၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများမှ ပြည်နယ်အဆင့်သို့ ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
ဝိုင်းမော်(ပြန်/ဆက်)