ရန်ကုန် ဇန်နဝါရီလ ၄
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ဇန်နဝါရီလ(၄)ရက်နေ့၊ နံနက်(၄)နာရီ၊ မိနစ်(၂၀)အချိန်မှစတင်ကာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ရှိ ကုမုဒြာပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအားလွှင့်တင်ခဲ့ကြပြီး လွတ်လပ် ရေးနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်အပေါင်းတို့ကို အလေးပြုခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၂ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းက ဖတ်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများကိုလည်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ(အခမဲ့) ထုတ်ဝေထားရှိသည့် သတင်းစကားလက်ကမ်းစာစောင်များကို ထန်းတပင်မြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက (အခမဲ့)ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)