မိုင်းပန် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို ဇန်နဝါရီ (၄) ရက် နံနက် ၄ နာရီ ၂၀ မိနစ် အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အလံတင်အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး) နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းနှင့် ဂုဏ်ပြုတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံအား လွှင့်တင်၍ အလေးပြုခဲ့ကြပြီး နိုင်ငံတော်အလံတင် အခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် နံနက် (၇) နာရီအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအတွင်းရှိ နမ့်ပန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်သူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က ဖတ်ကြားခဲ့ပြီး (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ကျပန်း စကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
မိုင်းပန် (ပြန်/ဆက်)