ဝမ်းတွင်း ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်တွင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် အားကစားပြိုင်ပွဲများ ဆုပေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာနရှိ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ဖြိုးစန္ဒာဝင်းက အာကားစားပြိုင်ပွဲများ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုတစ်ရပ်လုံးနှင့် ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ ကာယဉာဏများတိုးတက်စေရန် ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန်အတွက် ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် ကြိုးစားလျက်ရှိကြောင်းပြောကြားခဲ့သည်။
ထို့နောက်ဆု ပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦးက ဘော်လီဘောပြိုင်ပွဲတွင် ဆုရရှိသူများကို တံခွန်စိုက်ဆုဖလားနှင့် တစ်ဦးချင်း ဆုကလပ်၊ ငွေသားဆုများ ချီးမြှင့်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးမြဟန်မှ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရအသင်းများအား တံခွန်စိုက်ဆုဖလား၊ တစ်ဦးချင်း ဆုကလပ်များနှင့် ငွေသားဆုများချီးမြှင့်ခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ဖြိုးစန္ဒာဝင်းက မီတာ(၈၀၀)အပြေးပြိုင်ပွဲ ဆုရသူများအား ဆုများ ချီးမြှင့်ခဲ့ပြီး ကြက်တောင်ရိုက် ပြိုင်ပွဲနှင့် ပြေးခုံပစ်ပြိုင်ပွဲများတွင် ဆုများရရှိသူများကို ဌာနဆိုင်ရာ အကြီးအကဲများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများဆုချီးမြှင့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်များနှင့်ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်အတွင်းရှိ အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)