ဗန်းမော် ဇန်နဝါရီ ၅
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော်အလံ အလေးပြု ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကချင် ပြည်နယ်၊ ဗန်းမော်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မြက်ခင်းပြင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။
ရှေးဦးစွာ ယမန်နေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် နိုင်ငံတော်အလံကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလံတိုင်ထိပ်သို့ လွှင့်တင်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား ခရိုင်နှင့်မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က အလေးပြုကြသည်။
ထို့နောက် ယမန်နေ့နံနက် ၇ နာရီတွင် ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်အလံ အလေးပြုခြင်း နှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ မြက်ခင်း ပြင်၌ ဆက်လက်ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုး နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းတို့ကို ဆောင်ရွက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင် က ဖတ်ကြားခဲ့သည်။
ယင်းနောက် ဗန်းမော်မြို့နယ်တွင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်တို့တွင် ဆုရရှိသည့် အခြေခံပညာကျောင်းသား ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများတို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများအား ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ဖြန်ဝေပေးခြင်းနှင့် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများ အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)