မိုးညှင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မိုးညှင်း            ဇန်နဝါရီ           

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို စုပေါင်းရုံးရှေ့ စိမ်းလဲ့သာယာပန်း​ခြံဝင်းအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ဇန်နဝါရီ (၄)ရက် နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပခဲ့သည်။

ရှေးဦးစွာ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကို နံနက်(၄)နာရီ မိနစ်(၂၀)တိတိတွင်ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့၏ ဦးဆောင်မှုနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးညီညီလွင်ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့သည်။

ဆက်လက်၍ နံနက်(၇)နာရီတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးညီညီလွင်က ဖတ်ကြားပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသော ဆုရကျောင်းသားကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ခရိုင်ပြန်/ဆက်ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်