ရှင်ဗွေယန် ဇန်နဝါရီလ ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့၌ ဇန်နဝါရီလ(၄)ရက်နံနက်(၇)နာရီက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား သဝဏ်လွှာဖတ်ပွဲ ကို ကျင်းပခဲ့ပါသည်။
ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကို မြို့အုပ်ချုပ်ရေးမှူးဦးလွင်ဦးက ဖတ်ကြားခဲ့ပြီး ရပ်ကွက် ၄ ရပ်ကွက်မှ အားကစားပြိုင်ပွဲများ၌ ဆုရရှိသူများအား တက်ရောက်လာကြသော တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊မီးသတ်တပ်ဖွဲ့များ၊ ကချင်ရိုးရာယဉ်ကျေးမှု အဖွဲ့၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသင်းအဖွဲ့ဝင်များက တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်းသိရသည်။