ဟိုပုံး ဇန်နဝါရီ ၅
၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ်သို့ လွင့်တင်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့် အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက နိုင်ငံတော်အလံအား အလေးပြုကြကြောင်း သိရသည်။
ထို့နောက် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို နံနက် ၇ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
ယင်းနောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော ကျောင်းသား/သူ များကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး ညီညီတင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေ တို့က အသီးသီးဆုများချီးမြှင့် ပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များ၊ ဒေသအဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျောင်းသား/သူများ အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ ကျောင်းတိုင် ကွင်းတွင် ဘောလုံးပြိင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)