မောင်တော ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက် (၄:၂၀) နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
ထို့နောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲကို နံနက်(၇)နာရီ အချိန်က မြို့မအား ကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တက်ရောက်လာသူများမှ အလေးပြုကာ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး က ဖတ်ကြားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်နေ့အထိမ်းအမှတ်အကြို ကျင်းပပြုလုပ်ခဲ့သော အခြေခံပညာ အထက်တန်း၊ အလယ် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပဟေဠိပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်း အောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်ဝင်းထွဋ် နှင့် အဖွဲ့ဝင်များ၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်အေး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းဝင်များ၊ ဆရာ/မ များ၊ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မိဘပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အောင်ကျော်စိန်