လင်းခေး ဇန်နဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က လင်းခေးမြို့ "နွယ်ဝတီ" ခန်းမရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အလံတင် အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့ဆောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ အပါအဝင် (၆၀)ဦး တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်အလံတင် အခမ်းအနားတွင် တက်ရောက်လာကြသူများမှ နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံအား လွှင့်တင်ကာအလေးပြုခဲ့ကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို နံနက် ၇ နာရီတွင် ကျင်းပရာ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က ဖတ်ကြားခဲ့သည်။
အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ အင်အား စုစုပေါင်း(၁၁၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)