မြင်းခြံမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်အနား ပြုလုပ်

မြင်းခြံ ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို အ.ထ.က-၁ ကျောင်းဝန်းအတွင်းတွင် ယမန်နေ့နံနက် ၇ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊  ရဲဘော်အပေါင်းတို့အား အလေးပြုခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က ဖတ်ကြား ခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် အားကစား၊ ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များက အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)