နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (CERP)အစီအစဉ်အရ ရွှေရင်အေးစပါးမျိုးကွဲ နုတ်ပယ်ခြင်းနှင့် မျိုးစေ့ ထုတ် လုပ်ငန်းစဉ် သင်တန်း ဆောင်ရွက်

နောင်ချို     သြဂုတ်  ၂၅

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် (CERP)အစီအစဉ်အရ စိုက်ပျိုးရေးဦးစီးဌာနမှ ရွှေရင်အေးစပါး မျိုးကွဲ နုတ်ပယ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ရေမောင်းတန်း ကျေးရွာရှိ တောင်သူဦးကျုံးပေါင်း၏ မျိုးစေ့ထုတ်စံပြစိုက်ခင်းရှိ ယာယီရှင်းလင်းဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မိမိလှိုင်း၊ အထက်မြန်မာပြည်မျိုးစေ့တာဝန်ခံ ဒေါ်စိုးစိုးရီ၊ ကွင်းဆင်း စစ်ဆေးခြင်းတာဝန်ခံ ဒေါ်နော်ရှာရိုဖော၊ ခရိုင်ဦးစီးမှူးဦးမောင်မောင်အေး၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်တို့က ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသို့နောင်ချိုမြို့နယ်အတွင်းရှိ ရွှေရင်အေးစပါး (FS-RS) နှင့်     (RS-CS)(၁၇၅) ဧက ရှိ မျိုးစေ့ထုတ် တောင်သူ(၉၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် "တောင်သူများအနေဖြင့် ကိုယ်တိုင်မျိုးစေ့ထုတ်လုပ်ခြင်း နည်းပညာများ နားလည် တတ်ကျွမ်းလာပြီး ကိုယ်တိုင်မျိုးစေ့ထုတ်တတ်လာစေရန်၊ မြို့နယ်၏ဒေသအတွင်း စပါးမျိုးစေ့ လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ မျိုးစေ့ထုတ်လုပ်ခြင်းဖြင့် မျိုးစပါးအဖြစ် ပြန်လည်ရောင်းချနိုင်သည့် အတွက် အကျိုး အမြတ် ပိုမိုရရှိလာစေရန် " ရည်ရွယ်၍ ယခုသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်၏ ပြောပြချက်အရသိရပါသည်။

ထွေးငယ်၊ နောင်ချို( ပြန်/ဆက်)