ကျောက်ဆည် ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများကို ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ကျောင်းသူများ စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေဖတ်ရှုသည့် အလေ့အထများရှိစေရန်နှင့် စာပေချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာစေရန်၊ အတွေးအမြင်ဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပုံပြောပြိုင်ပွဲ၊စကားပုံဆက်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁) အခြခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)