ကျောက်မဲမြို့တွင် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

ကျောက်မဲ ဇန်နဝါရီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယနေ့နံနက်ပိုင်းက  ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲမြို့၊  အမှတ် ၁ ရပ်ကွက်၊  ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က  အလံတင်အခမ်းအနားကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံတော်အလံအားလွှင့်တင်ပြီး  မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

ယင်းနောက် နံနက် ၇ နာရီ အချိန်ခန့်တွင် မြို့ကျက်သရေဆောင် ခန်းမ၌ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသူများက မြန်မာနိုင်ငံတော် အလံအား အလေးပြုပြီး ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ် ၊ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှမ်းစာပေယဉ်ကျေးမှုနှင့် တအာင်းစာပေယဉ်ကျေးမှုမှ အဖွဲ့ဝင်များ တက်ရောက် ခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)