ဒဂုံအရှေ့ ဇန်နဝါရီ ၄
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ကုန်းတွင်းဆိပ်( DRy PORT)တွင် KM Terminal and Logistics Limited မှ Kerry Mother ကုန်ထုတ် လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်က ရွာသာကြီးရပ်ကွက်ရှိ အဆိုပါ Kerry Mother ကုန်ထုတ်လမ်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စည်ပင်သာယာရေး ဝန်ကြီးဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာ့မီးရထားအထွေထွေမန်နေဂျာ ဦးနေမျိုးအေး၊ KM Terminal and Logistics Limited မှ ဦးအောင်မြတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကျောက်ပြားအား ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူများမှ အမွှေးနံ့သာရည် ပက်ဖျန်းခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါကုန်ထုတ်လမ်းသည် အရှည်(၀.၇၅)မိုင်၊ အကျယ် ၂၆ ပေ၊ ၁၂ လက်မထု ကွန်ကရစ်လမ်းဖြစ်ကာ စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၇၀၀၀၀၀ (USD-700000) ခန့်ကုန်ကျခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)