တာမွေမြို့နယ်တွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများ၌ ထူးချွန်ဆု ရရှိသူများအား ဆုပေးပွဲကျင်းပ

ရန်ကုန်      ဇန်နဝါရီ     ၄

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီး ဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ နတ်ချောင်း အားကစားကွင်း အတွင်း၌ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် U-17 ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ဆုရရှိသူများ အား ဆုပေးပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ U-17 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ဘောလုံးအဖွဲ့ချုပ်(၁)အသင်းနှင့် ဘောလုံး အဖွဲ့ချုပ် (၂)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘောလုံးအဖွဲ့ချုပ်(၁)အသင်းမှ ဘောလုံးအဖွဲ့ချုပ် (၂)အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ အဆိုပါ U-17 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာပါသူများက တစ်ခဲနက် ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ဆုပေးပွဲ အခမ်း အနားကို ဆက်လက်ကျင်းပရာ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် U-17 ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော် ခြင်း ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသော အားကစားသမားများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ ကြပြီး​ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း အားကစားဖြင့် နိုင်ငံဂုဏ် ကို ဆောင်မည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် U-17 ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို စည်းကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်ကြောင်း တာမွေမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)