တောင်ကုတ်မြို့ ကိုင်းရှည်ကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ပွား

တောင်ကုတ်   ဇန်နဝါရီ   ၄

တောင်ကုတ်မြို့ ကိုင်းရှည်ကျေးရွာ တောင်ကုတ်-မအီ ကားလမ်း တောင်ကုတ်တက္ကသိုလ် အနီးရှိ ဦးစိန်စစ်ပိုင်ဆိုင်သော စိန်ပန်းတိုင် စက်သုံးဆီအရောင်းဆိုင်တွင် ယနေ့နံနက် ၁၀ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသတင်းအရ မြို့နယ် ရဲတပ်ဖွဲ့ရဲမှူး အောင်ထွန်းလှ ဦးစီးသော အဖွဲ့ဝင် ၁၆ ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆွေလင်းမောင် ဦးစီးသော အဖွဲ့ဝင် ၁၃ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၅ ဦး ပူးပေါင်းအဖွဲ့သည့် မီးသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး တပ်မတော်သား များနှင့် ပြည်သူများက သဲအိတ်များဖြင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်မီးသတ်ဦးစီးဌာန မှ မီးလောင်ရသည့်အကြောင်းရင်းနှင့် မီးလောင် ဆုံးရှုံးသည့် တန်ဖိုးများတွက်ချက်ကာ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

စန်းဝင်း(မြို့နယ်ပြန်/ဆက်)