မော်လမြိုင် ဇန်နဝါရီ ၄
မွန်ပြည်နယ်မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်၍ ရုံးဌာနများ၊ ကုမ္ပဏီများ၊ စက်ရုံ၊အလုပ်ရုံများ၊ စျေးများနှင့် ရပ်ကွက်/ကျေးရွာများ အလိုက် မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၁၀နာရီခွဲက၊ မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူများသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြည်နယ်ဆိပ်ကမ်းအရာရှိချုပ်ရုံးတွင် ဝန်ထမ်းများအား မီးဘေး အန္တရာယ်အသိပညာ ပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေးကြောင်း သိရသည်။
ရှေ့ဦးစွာမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးစိုးကျော်သူက မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသုံးစွဲရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ အရေး ပေါ် အခြေအနေတွင် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ခြင်း၊ သဲပုံး၊ရေပုံးများ မီးချိတ်၊ မီးကတ် မီးသတ် ဆေးဘူးများစနစ်တကျသုံးစွဲရေး၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ထားရှိရေးတို့ကို ရှင်းလင်းဆွေးနွေးပေးပြီး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေးသည်။
ထို့နောက်ဌာနဝန်ထမ်းများက သိရှိလိုသည့်မီးဘေးအန္တရာယ်ကာကွယ်ရေးအချက်များ၊ အရေး ပေါ် ဆက်သွယ်အကြောင်းကြားရမည့် ဖုန်းနံပါတ်များနှင့် မီးသတ်ဆေးဗူး အသုံးပြုပုံတို့ကို မေးမြန်း ကြရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)