မိတ္ထီလာမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ

မိတ္ထီလာ  ဇန်နဝါရီ   ၄

မိတ္ထီလာမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီအချိန်က မြို့မရပ်ကွက်အတွင်းရှိ လွတ်လပ်ရေးပန်းခြံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသည့် မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ယင်းနောက် ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြ ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)