သိန္နီ ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် နိုင်ငံတော်အလံတင် အလေးပြုအခမ်းအနားကို ဇန်နဝါရီ(၄)ရက် နံနက် ၄နာရီ ၂၀မိနစ် အချိန်က သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်ရဲမှူး ရဲမှူးတင်ဦး ဦးစီးပြီး အရာရှိ (၄)ဦး၊ အခြားအဆင့် (၅)ဦးတို့က နိုင်ငံတော်အလံအား လွှင့်တင်၍ တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် ခေါင်းဆောင် ကြီးများအား အလေးပြုပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြသည်။
ဆက်လက်၍ သိန္နီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်းမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ရက် နံနက်(၇)နာရီအချိန်က သိန္နှီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခဲ့ပါသည်။ အခမ်းအနား သို့ သိန္နီမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ ကျန်းမာရေးဝန်ကြီး ဌာန၏လမ်းညွှန်ချက်နှင့် အညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိဇာချို(ပြန်/ဆက်)