နမ့်ဆန် ဇန်နဝါရီ ၄
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းတွင် ကျင်းပသည်။
အလံတင်အခမ်းအနားအား နံနက် ၄ နာရီ ၂၀ မိနစ်တွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကျော်ညီညီသိမ်းနှင့် အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့်လူမှုရေးအသင်းအဖွဲ့များ (၅၀) ဦးခန့် တက်ရောက်၍ နိုင်ငံတော်အလံအား အလေးပြုကြသည်။
ဆက်လက်၍ နံနက် ၇ နာရီတိတိအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် ၊ (၇၄) နှစ်မြောက် လွတ်လပ် ရေးနေ့အခမ်းအနား သို့ ပေးပို့သော သဝဏ်လွှာအား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တာသိန်းဇော်က ဖတ်ကြားပေးပါသည်။
သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ ဒေသစီမံအုပ်ချုပ်ရေး ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဒေသနှင့် မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူများ (၁၀၀) ဦးခန့် တက်ရောက်ကြကြောင်းသိရသည်။
နန်းဆိုင်(ပလောင်ဒေသ)