စစ်တွေ ဇန်နဝါရီ ၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင် တတိယနေ့ကို ဇန်နဝါရီလ ၃ ရက်နေ့ညနေပိုင်းက စစ်တွေမြို့လောကာနန္ဒာစေတီတော်ဝန်း အတွင်းရှိ သာသနာ့ ဘိမာန်တော်၌ စတင်ကျင်းပခဲ့သည်။
နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်တတိယနေ့တရားပွဲတွင် စစ်တွေမြို့၊ ဝိမလဓမ္မနာဒ (ဓာတ်လယ်) ကျောင်းတိုက် ဆရာတော်၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဘဒ္ဒန္တသုဝဏ္ဏ ကြွရောက်တော်မူပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်နှင့် ဌာနဆိုင်ရာများ တရားချစ်ခင် သူတော်စဉ်များ၊ တရားနာပုရိတ်သတ်များက ဆရာတော်ကြီး ဟောကြားတော်မူသော နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို နာကြားကြသည်။
နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် ပထမနေ့အပြီးတွင် ရခိုင်ပြည်အစိုးရအဖွဲ့မှ လှူဒါန်းသော ဓမ္မပူဇာ အလှူတော်ငွေကျပ် ၁၀ သိန်းအား ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ တရားပွဲတော်သို့ ရောက်ရှိလာကြသော တရားနာပရိသတ်များနှင့် အလှူရှင်များမှ လှူဒါန်းသော ဓမ္မပူဇာ အလှူတော်ငွေများကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် ပြည်နယ်ဥပဒေချုပ် တို့ကလည်းကောင်းလှူဒါန်း ကြရာ ဆရာတော်၏ကပ္ပိယတကာက လက်ခံခဲ့သည်။
နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကို ပထမနေ့တွင် တိ - နိ စီမံအုပ်ချုပ်မှုမဟာနာယက၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ ရမ္မာဝတီဆရာတော်၊ ဘဒ္ဒန္တဣန္ဒပါလ ဆရာတော်၊ ဒုတိယနေ့တွင် ဓမ္မာ စရိယတက္ကသိုလ်များနှင့် ဓမ္မာစရိယဉယျာဉ်ကျောင်းတိုက်တို့၏ နာယကချုပ်ဆရာတော်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တသုစိတ္တာ ဘိဝံသဆရာတော်နှင့် တတိယနေ့တွင် စစ်တွေမြို့၊ ဝိမလဓမ္မနာဒ(ဓာတ်လယ်) ကျောင်းတိုက် ဆရာတော်၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဘဒ္ဒန္တသုဝဏ္ဏတို့က နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)