ရန်ကုန် ဇန်နဝါရီ ၄
၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်ခြင်းနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်း ခရိုင် တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ မြက်ခင်းပြင်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင် အလေးပြုခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။ ထို့နောက် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂-ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က ဖတ်ကြားခဲ့သည်။
အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)