ရန်ကုန် ဇန်နဝါရီ ၄
၂၀၂၂ ခုနှစ်(၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ပြည်သူ့ရင်ပြင်၌ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နံနက် ၄ နာရီမိနစ် ၂၀ တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲမှ အလံတင်တပ်စုက နိုင်ငံတော်အလံကို လွှင့်တင်သည်။
ထို့နောက်နံနက် ၇ နာရီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၊ အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြပြီး ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်ဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြု၍ သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဖတ်ကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)