ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး   ဇန်နဝါရီ  ၄

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှမ်းပြည်နယ်(ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယနေ့အစည်းအဝေးခေါ်ယူရခြင်းက ကိုဗစ်-၁၉ရောဂါဖြစ်ပွား လျက်ရှိသည့်ကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရောဂါကူးစက်ပြန်ုပွားမှုမရှိစေရေး ကာကွယ်ထိန်း ချုပ်ရေးနှင့်ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူအားလုံး ရာနှုန်းပြည့်ကာကွယ်ဆေးထိုးနှံပေး နိုင်ရေး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ လျာထား ဦးရေပြည်သူ (၃၂၀၉၈၄၄)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၁၄၆၀၂၆)ဦး၊ စုစုပေါင်း (၃၃၅၅၈၇၀)ဦးအား ကာကွယ် ဆေးထိုးနှံဆောင်ရွက်ပေးခဲ့ရာ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့အထိ တစ်ကြိမ်ထိုးနှံပြီးသူ (၂၀၁၀၅၅၇)ဦး၊ နှစ်ကြိမ်မြောက်ထိုးနှံပြီးသူ(၁၄၉၁၀၁၀)ဦး ထိုးနှံပြီးစီးခဲ့ပြီး တစ်ကြိမ်ထိုးနှံပြီးစီးမှုအပေါ်တွင် ရာခိုင်နှုန်း အားဖြင့် (၅၉.၉၁)ရာခိုင်နှုန်း လွှမ်းခြုံထိုးနှံနိုင်ခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ကိုဗစ်-၁၉ရောဂါ စတုတ္ထ လှိုင်းဝင် ရောက်လာပါက ကြိုတင်ပြင်ဆင်ခြင်းကို အချိန်မီကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ရှမ်းပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ အစည်းအဝေး တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြ ကြပြီး ဆွေးနွေး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း က လိုအပ်သည်များကို ဖြည့်စွက်ပြောကြား၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)