မြစ်ကြီးနား ဇန်နဝါရီ ၄
ကချင်ပြည်နယ်အတွင်း ပထမဦးဆုံးဖွင့်လှစ်တော့မည့် မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအုပ်စု လွယ်ခေါကျေးရွာအတွင်း ဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိကပိုင် တိရစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေစခန်း (Victory Garden) တည်ဆောက်နေမှုကို ပြည်နယ်သယံဇာတရေးဝန်ကြီးက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၈ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဥက္ကာ၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဒေါက်တာသန်းအေးနှင့် တာဝန်ရှိသူများက တိရစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေစခန်းအတွင်း
တည်ဆောက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ တိရစ္ဆာန်ဥယျာဉ်အတွင်း မွေးမြူပြသသွားမည့် တိရစ္ဆာန်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အပန်းဖြေဥယျာဉ်အတွင်း တည် ဆောက်ထားသည့် ရေကူးကန်များ၊ နားနေဆောင်များနှင့် စားသောက်ဆိုင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။
အဆိုပါ တိရစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေစခန်းကို ၉ ဧကခန့် ကျယ်ဝန်းပြီး ငွေကျပ် သိန်း ၁၅၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့် ဥယျာဉ်ကို ဖေဖော်ဝါရီ လအတွင်း ဖွင့်လှစ်နိုင်ရန် လျာထားလျက်ရှိပြီး ပြည်နယ်၏ ပထမဆုံး တိရစ္ဆာန်ဥယျာဉ်ဖြစ်ကာ ဒေသခံများနှင့် ခရီးသွားဧည့်သည်များ ဝင်ကြေးအဖြစ် ကလေး ၃၀၀၀ ကျပ်၊ လူကြီး ၄၀၀၀ ကျပ်ဖြင့် စိတ်ကြိုက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း အဆိုပါ Victory garden တာဝန်ခံ ဒေါ်အားလုံထံမှ သိရှိရသည်။
ပြည်နယ်ပြန်/ဆက်