မာန်အောင် ဇန်နဝါရီ ၃
ရခိုင်ပြည်နယ် မာန်အောင်မြို့အခြေခံပညာအထက်တန်းကျောင်း(ခွဲ)စျေးတန်း၌ ကျောင်းသား/ ကျောင်းသူများ လွတ်လပ်ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာစေရန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား/ ကျောင်းသူများ ဖြစ်လာစေရန်ရည်ရွယ်၍ ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီကကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲကျင်းပရာ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၆ ဦးက မဲစနစ်ဖြင့်``လွတ်လပ်ရေးပွဲတော်တို့နွဲပျော်´´ ``သွေးနှင့်ချွေးနှင့်ရင်းရသော လွတ်လပ်ရေး´´ ``လွတ်လပ်ရေးနေ့နှင့် လူငယ့်တာဝန်´´ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၆ ဦးက မဲစနစ်ဖြင့်``နိုင်ငံတစ်နိုင်ငံတည်ဆောက်ရေးတွင် လွတ်လပ်ရေးသည် မရှိမဖြစ်လိုအပ်သည့် ပင်မရင်းမြစ်အသက်သွေးကြော ဖြစ်သည်´´ ``လွတ်လပ်ရေးကို အခြေတည် ပြည်ထောင်စုဖွားသွေးချင်းများ သွေးစည်းချစ်ကြည်လက်တွဲညီကြမည်´´``(၇၄)နှစ်မြောက်မှ သည် ထောင်စုနှစ်များဆီသို့ ဦးတည်လို့လွတ်လပ်ရေးအမွေကို ထိန်းသိမ်းကြပါစို့´´ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ပြီး ဆုရကျောင်းသား/ကျောင်းသူများအား အထက(ခွဲ)စျေးတန်းတွင် ကျင်းပပြုလုပ်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)