ဒလမြို့နယ်၌ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ရန်ကုန် သြဂုတ် ၂၅

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေး နှင့် မဲစာရင်း တွင် ပါဝင်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို  ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက်က ဓနုတ်စံပြကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ဓနုတ် စေတီတော်မြတ်ကြီး ဓမ္မာရုံတွင် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့်  သြဂုတ်လအတွင်း မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ ကျား ၂၈၂ ဦး၊ ၃၉၁ ဦး၊ စုစုပေါင်း ၆၇၃ ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး၊ ဆက်လက်၍ ကျန်ရှိနေသော ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူများကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်တွင် ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာရှိပြီး၊ လူဦးရေ စုစုပေါင်း ၁၆၅၀၀၀ ကျော်ရှိရာ၊ လက်ရှိအချိန်ထိ အသက် ၁၈ နှစ်ပြည့်ပြီး ၁၂/ဒလန(နိုင်) နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၀၁၆၉၀ ဦး ဆောင်ရွက်ပေး ပြီး ကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)