ရန်ကုန် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနားလည်စေပြီး ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးပေါင်းမြောက်များစွာ ပေးဆပ်၍ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန်၊ ကမ္ဘာတည်သရွေ့ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည့် လွတ်လပ်ရေး တည်တံ့ခိုင်မြဲစေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများက ဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၂-ခုနှစ် ဇန်နဝါရီလ ( ၄ )ရက်နေ့တွင် ကျရောက်မည့် " (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ " အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ် အတွင်းရှိ ကျောင်းများ၊ ဌာနဆိုင်ရာများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင်များနှင့် လမ်းဆုံလမ်းခွ နေရာများ အပါအဝင် လူစည်ကားရာနေရာတို့တွင် ပြည်သူများထံ လက်ဝယ် အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရွှေတိဂုံဘုရား အလယ်ပစ္စယံ ညီလာခံ၌ ပြောကြားသော မိန့်ခွန်းမှ အမျိုးသားညီညွတ်ရေး၏ အဓိပ္ပာယ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းပြောကြားချက်မှ ကောက်နုတ်ချက်များ၊ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ ( ၄ ) ရက်နေ့တွင် ကျရောက်မည့် " (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ " အထိမ်း အမှတ် ဆောင်ပုဒ်၊ ဂုဏ်ပြုကဗျာနှင့် ကာတွန်းတို့ကို စုံလင်စွာ ဖော်ပြထားကြောင်း သိရှိရသည်။
မြင်မြင့်ရီ