ချင်းရွှေဟော် ဩဂုတ် ၂၅
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ် ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန် လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၂၃ ရက်နေ့၊ညနေ(၆)နာရီ အချိန်က (၇)ဉီးနှင့် ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန်က(၁၆)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၂၃)ဉီး တို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၂၃)ဉီးမှာ အမျိုးသား(၁၁)ဉီး၊ အမျိုးသမီး (၁၂)ဉီးတို့ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ(၁)ဉီး၊ မန္တလေးတိုင်းဒေသကြီးမှ(၁)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၂)ဉီး၊ ပဲခူးတိုင်းဒေသကြီးမှ(၁)ဉီး၊ မကွေးတိုင်းဒေသကြီးမှ(၁)ဉီး၊ ကချင်ပြည်နယ်မှ(၁)ဉီး ၊ ချင်းပြည်နယ်မှ(၁)ဉီး၊ ရှမ်းပြည်နယ်မှ(၁၃)ဉီး နှင့် ရခိုင်ပြည်နယ်မှ(၂)ဉီး တို့ ဖြစ်သည်။
၎င်းနေရပ်ပြန်ပြည်သူများမှ တရုတ်နိုင်ငံမှ လွှဲပြောင်းလာသည့် အမျိုးသား(၁၀)ဉီး၊ အမျိုးသမီး(၆)ဉီး စုစုပေါင်း (၁၆) ဉီး တို့သည် တရုတ်နိုင်ငံဘက်ခြမ်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့် ပြည်သူများဖြစ်၍ ၎င်းတို့အား ချင်းရွှေဟော်မြို့ မြို့တော်ခန်းမ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့ ကုသရေးဉီးစီးဌာနမှ ၎င်းတို့၏ အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်တို့အားရယူကာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုရှိ/မရှိ ဓာတ်ခွဲစစ်ဆေးနိုင်ရန် မန္တလေးမြို့ ၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေကောင်းမွန်ကြောင်း သိရ၍ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်းပို့ဆောင်ပေးကြောင်း သိရသည်။
ထိုသို့ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား(၈၁၅၃)ဉီး နှင့် အမျိုးသမီး(၆၅၃၂)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၄၆၈၅)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)