ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ စားသောက်ဖွယ်ရာပစ္စည်းများ နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

တောင်ကြီး ဇန်နဝါရီ ၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ အစားအသောက် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အသုံးပြုနိုင်ရန် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့ နံနက်(၁၀) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တတ်နိုင်သလောက် မိတ်ဖက်ညီအစ်ကိုသဖွယ် ကူညီစောင့်ရှောက်ပေးသည့် PNO အသွင်ပြောင်း ပြည်သူ့စစ်ကို ထောက်ပံ့ရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏ အေးချမ်းတည်ငြိမ်မှုတွင်လည်း PNO ပြည်သူ့ စစ်မှ စောင့်ရှောက်မှုများလည်း ပါဝင်ပါကြောင်း၊ လုံခြုံရေးလုပ်ငန်းများတွင်လည်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့နှင့် အရှေ့ပိုင်းတိုင်းစစ် ဌာချုပ်တိုင်းမှူး၏ ကွပ်ကဲမှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးသည့် PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့ အထူးဒေသသည် ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး ဒေသဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိရန်နှင့် ဒေသတည်ငြိမ် အေးချမ်းမှုရှိရန်အတွက် PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) အဖွဲ့နှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်သလို တစ်ဖက်တွင်လည်း ဒေသဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရှမ်းပြည်နယ်အစိုးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့များသို့ အစားအသောက် ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း က ပေးအပ်ရာ PNO အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ)အဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူ၍ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်က ငါးခြောက်များကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများသည့်  mask အခုရေ(၃)ထောင်နှင့် လက်သန့်ဆေးရည်ဘူး (၁၀)လီတာ (၅၀)ဘူး တို့ကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက ပေးအပ်ရာ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) အဖွဲ့တာဝန်ရှိသူများမှ လက်ခံရယူပြီး PNOအသွင်ပြောင်း ပြည်သူ့ စစ်(ဌာနေ)အဖွဲ့ ဦးခွန်မြင့်အောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။  

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့သို့ ဆန်၊ ဆီ၊ ငါးခြောက်၊ စုစုပေါင်း တန်ဖိုး(၆,၇၅၀,၀၀၀)ကျပ် (ခြောက်ဆယ့်ခုနှစ်သိန်းငါးသောင်းကျပ်)နှင့် mask အခုရေ (၃)ထောင်နှင့် လက်သန့်ဆေးရည်ဘူး(၁၀)လီတာ (၅၀)ဘူးတို့အား  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

မောင်မောင်သန်း(တောင်ကြီး)