ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း သဘာဝရေပြင်အတွင်းသို့ ရေငန်ပုစွန် မျိုးစိုက်ထည့်သည့် အခမ်းအနားတက်ရောက်

စစ်တွေ   ဇန်နဝါရီ 

၂၀၂၁-၂၀၂၂ ခုနှစ် ငါးပုစွန်မျိုးစိုက်ရာသီအတွက် သဘာဝရေပြင်အတွင်းသို့ ငါးပုစွန်မျိုး စိုက်ထည့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာ အနီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပြီး ရေငန်ပုစွန်မျိုးများ စိုက်ထည့်ပေးသည်။

ရေငန်ပုစွန်မျိုးစိုက်ထည့်ခြင်း အခမ်းအနားတွင် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးသက်ဦးက မျိုးပုစွန်စိုက်ထည့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ငါးလုပ်ငန်း ဦးစီးမှူးက ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊  ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့အား မျိုးစိုက်ထည့်မည့် ပုစွန်သားပေါက်ကောင်းများနှင့် မျိုးပုစွန်အမများ၏ ကြီးထွားနိုင်မှု အခြေအနေနှင့် သားပေါက်နိုင်သည့် အခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေချမ်းပြင် ကျေးရွာအနီးရှိ မင်းဂံ ချောင်းအတွင်းသို့ ရေငန်ပုစွန်သားပေါက်များအား စိုက်ထည့်ပေးခဲ့ကြသည်။

ယနေ့သဘာဝရေပြင်အတွင်းသို့ ရေငန်ပုစွန်မျိုးစိုက်ထည့်ရာတွင် ရေချမ်းပြင်ကျေးရွာအနီး မင်းဂံချောင်းအတွင်းသို့ ရေငန်ပုစွန်သားပေါက်ကောင်ရေ ၃၆၀၀၀၀နှင့် ပေါက်တော မြို့နယ် စိုးမဲကျီ ကျေးရွာအနီးမြစ်ပြင်သို့ ရေငန်ပုစွန်သားပေါက်ကောင်ရေ ၂၂၀၀၀၀ စုစုပေါင်း သားပေါက်ကောင်ရေ ၅၈၀၀၀၀တို့ကို စိုက်ထည့်ပေးခဲ့ပြီး မျိုးပုစွန်အမသုံးကောင် ကိုလည်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ငါးသယံဇာတထိမ်းသိန်းခြင်းဖြင့် စဉ်ဆက်မပြတ်ငါးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာစေရန်၊ ငါးမျိုးပြုန်းတီမှုကို ကာကွယ်ရန်၊ သဘာဝရေပြင်အတွင်း ငါးပုစွန်မျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်ရှိနေစေရန်၊ ငါးပုစွန်ထုတ်လုပ်မှု ပိုမိုတိုးတက် မြင့်မားလာစေရန်၊ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန်နှင့် လူမှုစီးပွားဘဝမြင့်မား လာစေရန် ရည်ရွယ်ပြီး ရေချိုငါးသားပေါက်များနှင့် ရေငန်ပုစွန်သားပေါက်များကို နှစ်စဉ် သဘာဝရေပြင်နှင့် ဆည်ရေလှောင်တမံအတွင်းသို့ မျိုးစိုက်ထည့် ပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)