မိုင်းယန်း ဇန်နဝါရီ ၃
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့ပေါ်ရပ်ကွက် အတွင်းရှိ ပြည်သူများ အမှိုက်ကို စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက မိုင်းယန်းမြို့နှင့် ဝမ်ယန်းရွာသွားလမ်းဘေးရှိ အမှိုက်စွန့်ပစ်မြေနေရာအား ပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန၊ ခေတ္တအမှုဆောင်အရာရှိ ဦးစိုင်းပင်းမိန်းဆိုင်နှင့် ဝန်ထမ်းများမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လဘတ်ဂျတ် ငွေကျပ် (၁.၂၆)သန်းဖြင့် စည်ပင်သာယာရေးဌာနပိုင် (၁.၅၅) ဧကရှိ မြေနေရာပေါ်တွင် အမှိုက်ကျင်းဖော်ဆောင်၍ လမ်းဘေးရှိအမှိုက်များအား မြေကော်စက်ဖြင့် သယ်ယူပြီး စနစ်တကျစွန့်ပစ်ခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
“ခါတိုင်းဆို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများက အမှိုက်ကို အမှိုက်ကျင်းထိ စွန့်ပစ်ခြင်းမရှိဘဲ လမ်းဘေးတွင်သာ စွန့်ပစ်ခဲ့ကြသဖြင့် မိုင်းယန်းမြို့နှင့် ဝမ်ယန်းရွာ သွားလမ်းတွင် စွန့်ပစ်အမှိုက်များဖြင့် အမြင်မတင့်တယ်ဘဲ ပတ်ဝန်းကျင်ညစ်ညမ်းလျက်ရှိပါတယ်၊ အခုလို အမှိုက်စွန့်ပစ်မြေနေရာ ပြန်လည်ဖော်ဆောင်ပေးနေပြီ ဖြစ်တဲ့အတွက် ပြည်သူများအနေဖြင့် အမှိုက်များကို အမှိုက်ကျင်း အထိ စနစ်တကျ သွားရောက်စွန့်ပစ်ပြီး မြို့သန့်ရှင်းသာယာလှပရေး အတွက် မြို့သူမြို့သား များအနေဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း” မြို့နယ်စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းပင်းမိန်းဆိုင်မှ ပြောကြားသည်။
ခွန်ရဲထွေး(ဆီဆိုင်)