မိုင်းဖြတ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပ

မိုင်းဖြတ် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းလောဝ်ခေးက ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို “မိတ်ဆွေကောင်း” ခေါင်းစဉ်ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၆)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။

ဆက်လက်၍ ပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြပွဲများ၊ စာအုပ်စာစောင်များကို ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာ ဖတ်ရှုခဲ့ပြီး “သတင်းစကား” လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင်  ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး