မိုင်းလုံ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ဒုတိယအကြိမ် ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီက နမ့်ပိန်ရပ်ကွက် ရှမ်းစာပေနှင့်ယဉ်ကျေးမှု ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရာတွင် မိုင်းလုံတိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများ၊ အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိနေသောဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ပရဟိတ အဖွဲ့ဝင်များ၊ ဈေးသည်များ၊ ပို့ဆောင်ရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ဝန်ထမ်းများကို ထိုးနှံပေးခြင်းဖြစ်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိုင်းလုံလူငယ်ပရဟိတအသင်းတို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရန် ဦးစားပေးအလိုက် စီစဉ်ဆောင်ရွက် ထားရှိပြီး ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာ ပေးခြင်း သွေးပေါင်ချိန် ခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းပြီးမှ ကာကွယ် ဆေးထိုး ပေးခြင်းဖြစ်ကြောင်း၊ ကာကွယ် ဆေးထိုးနှံပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ဆေးထိုးခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပြည်သူ(၄၀)ဦးကို ကာကွယ်ဆေးထိုးပြီး ကြောင်း သတင်းရရှိသည်။
ဇော်ဇော်(ပြန်/ဆက်)