တုံတာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

တုံတာ ဇန်နဝါရီ ၃

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီက အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း (၂၁-၁-၁၉၄၆)ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ (၂၀၂၁) စာအုပ်မှ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ ကောက်နှုတ် ဖော်ပြချက်၊ ဖိုလေးလုံးသောင်းကိုကို ရေးသားသည့် ''တို့များဆင်မြန်း လွတ်လပ်ပန်း'' ကဗျာနှင့် လွတ်လပ်ရေးဆိုင်ရာ သိကောင်းစရာ ဆောင်ပုဒ်များ၊ ကာတွန်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက စောင်ရေ(၁၀၀၀၀၀) အခမဲ့ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အများပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်၊ လွတ်လပ်ရေးထက် တန်ဖိုးအနဂ္ဂထိုက်တန်ကြီးမြင့်သော အရာသည်မရှိ၊ ကမ္ဘာတည်သရွေ့ မြန်မာ့လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန် သည့် မိမိတို့တိုင်းရင်းသားအားလုံးက ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု စိတ်ဓာတ်တို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားရမည်ကို သိရှိစေရန် ရည်ရွယ်၍ ဖြန့်‌ဝေခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း