ဇန်နဝါရီလ ၃
အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ကျပန်းစကား ပြိုင်ပွဲကို ယမန်နေ့၊ နံနက်(၉)နာရီအချိန်က အလုံမြို့နယ်အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား၊ လူငယ်များ ကွမ်း၊ ဆေးလိပ်အန္တရာယ်ကို သိရှိရှောင်ရှားနိုင်ရန်နှင့် လူအများရှေ့တွင် ပြောဆိုမှုစွမ်းရည်မြှင့်တင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးမှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲတွင် ဆေးလိပ်၊ ကွမ်းယာဖြတ်ကြဖို့ ကတိပြုကြစို့၊ ဆေးလိပ်၊ ကွမ်းယာဖြတ်ကြဖို့ ဆုံးဖြတ်လိုက်ကြစို့နှင့် အနာဂါတ်ပန်းတိုင် လှပဖို့ ဆေးလိပ်၊ ကွမ်းယာရှောင်ကြည်ကြစို့ စသည့် ခေါင်စဉ်(၃)ခုကို ကျရာခေါင်စဉ်ဖြင့် ဝင်ရောက်ယှဥ်ပြိုင်စေပြီး ပြိုင်ပွဲတွင် အမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်းမှ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ထို့နောက် ဆုရရှိသူ(၅)ဦးနှင့် ပြိုင်ပွဲဝင်များအား ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများချီးမြှင့်ခြင်းနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်ပြန်/ဆက်