သီပေါ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမတွင် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်မြင့်မားလာစေရန်၊ စကားပြော စွမ်းရည်တိုးတက်လာစေရန်၊ နေ့ကြီးရက်ကြီး အထိမ်းအမှတ်နေ့ များကို မမေ့မလျော့စေရန်နှင့် နားလည်သိရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများအား ဆက်လက်ကျင်းပခဲ့ရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေးအမွေနှင့်အနာဂတ် မျိုးဆက်သစ်တို့၏တာဝန်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးကလည်းကောင်း၊ ကျပန်း စကားပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ(၄)ဦးအား ယှဉ်ပြိုင်ရမည့် ခေါင်းစဉ်ကို မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသော ဆုရကျောင်းသား၊ ကျောင်းသူ များကို လွတ်လပ်ရေးနေ့ အခမ်းအနားတွင်ဆုများပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)