မိုင်းဆတ် ဩဂုတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့တွင် ဆုံဆို့နာရောဂါကပ်အသွင်ဖြစ်ပွား(outbreak)နေသဖြင့် ဆုံဆို့နာရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ရောဂါဖြစ်ပွားမှုအခြေအနေတို့ကို ယမန်နေ့ ညနေ ပိုင်းက တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မိုင်းဆတ်မြို့ရှိ ရပ်ကွက်(၂)ခုနှင့်ကျေးရွာ(၇)ရွာတွင် ဆုံဆို့နာရောဂါဖြစ်ပွားသူ ဩဂုတ်လ ၂၃ ရက်ထိ အသက်(၄၀)အရွယ် တစ်ဦးအပါအဝင်(၂၀)ဦးရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့သဖြင့် ရောဂါဖြစ်ပွားခဲ့သည့် ရပ်ကွက်နှင့် ကျေးရွာတို့တွင် အသက်(၁၅)နှစ်အောက်ကလေးများအား အသက်(၁)နှစ်မှ(၃)နှစ်ထိ၊ အသက်(၃)နှစ်မှ(၇)နှစ် ထိနှင့်အသက်(၇)နှစ်မှ(၁၅)နှစ်ထိ အုပ်စု(၃)စုခွဲ၍ ဆုံဆို့နာရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် ရောဂါဖြစ် ပွားမှုအခြေအနေတို့ကို ဒေါက်တာသန်းထိန်ဝင်း (UNICEF အကြံပေးအရာရှိ)၊ ဒေါက်တာတင်တင်အေး( WHO တာဝန်ခံ၊ နေပြည်တော်)နှင့် ဒေါက်တာကျော်စိုးမိုး (ကျန်းမာရေးဌာန၊နေပြည်တော်)တို့သည် မိုင်းဆတ်မြို့ နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
"ဒီရောဂါက ရောဂါကူးစက်ခံရသူ နှာချေချောင်းဆိုးတဲ့အခါထွက်လာတဲ့အမှုန်အမွှားကတစ်ဆင့် အ သက်ရှူလမ်းကြောင်းအတွင်း ပိုးဝင်ရောက်ကူးစက်မှုအများဆုံးဖြစ်ပြီး ရောဂါဖြစ်ပွားနေသူနဲ့ အရေပြားချင်း ထိတွေ့ခဲ့ရင်၊ ရောဂါပိုးရှိနေတဲ့ပစ္စည်းတွေကို အသုံးပြုမိရင်လည်းကူးစက်နိုင်ပါတယ်၊ ဒါကြောင့် ရောဂါကူး စက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်အောင် ရောဂါဖြစ်ပွားခဲ့တဲ့နေရာဒေသက အသက်(၁၅)နှစ်အောက်ကလေး တွေကို ဦးစားပေးပြီး ကာကွယ်ဆေးထိုးပေးနေတာ ဖြစ်ပါတယ်" ဟု မြို့နယ်ဆရာဝန်ကြီးဒေါက်တာ အောင်ဇေယျက ပြောကြားသည်။
မိုင်းဆတ်မြို့မှ ရောဂါဖြစ်ပွားသူ(၂၀)ဦးအနက် ရောဂါပြင်းထန်သူ(၁၂)ဦးကို ကျိုင်းတုံပြည်သူ့ဆေးရုံ ကြီးသို့ လွှဲပြောင်းပေးခဲ့ရာ အသက်(၉)နှစ်နှင့် (၆)နှစ်အရွယ် မိန်းကလေးနှစ်ဦးသေဆုံးခဲ့ပြီး (၈)ဦးကို မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တစ်ခုလုံးတွင် ဩဂုတ်လ ၂၃ ရက်နေ့ထိ ဆုံဆို့နာရောဂါဖြစ်ပွားသူ(၁၀၇)ဦးရှိခဲ့ပြီး သေဆုံးသူ မိုင်းဆတ်မှ(၂)ဦး၊ တာချီလိတ်မှ(၆)ဦးနှင့် မိုင်းခတ်မှ(၂)ဦး စုစုပေါင်း(၁၀)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ အစာမျိုရခက်ခဲ ခြင်း၊ အာခေါင်တွင်ဖြူပြာရောင်(သို့မဟုတ်) မီးခိုးရောင်အမှေးပါးများ ပေါ်ပေါက်ခြင်း၊ အသက်ရှူရခက်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းတို့ဖြစ်ပြီး အသက်အန္တရာယ်ကို ဆိုးရွားစွာ ထိခိုက်စေသဖြင့် အသက် (၁၅)နှစ်အောက်ကလေးများ ကာကွယ်ဆေးကို(၃)ကြိမ် ပြည့်မီအောင်ထိုးနှံကြရန်နှင့် အထက်ပါလက္ခဏာ များဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးပြသကြရန် ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)