ရန်ကုန် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယခင်ကထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို တာမွေမြို့နယ် မီးသတ် စခန်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က “ မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန် (၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့ အကျိုးပြုဆောင်ရွက်ရေးစတဲ့ ရည်မှန်းချက်တာဝန်များကို အစိုးရဝန်ထမ်း သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လက်တွဲပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အားကြိုးမာန်တက် ကြိုးစား ဆောင်ရွက်ကြ စေလိုကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာမွေမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးညီညီက “ မီးသတ်သမိုင်းများအရ ပုဂံခေတ်၊ အနော်ရထာ မင်းစောလက်ထက် အေဒီ(၁၀၄၄-၁၀၇၇)ခုနှစ်မှ စတင်၍ (သောသောညံ ပုဂံမီးဆော်မောင်း)ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ‘ မီးကပ်သား ’ဆိုပြီး ဖွဲ့စည်းတည်ရှိခဲ့ပါကြောင်း၊ ယနေ့ခေတ်ကာလမှာတော့ အစိုးရဝန်ထမ်း မီးသတ်တပ်ဖွဲ့ဝင်များကို ‘သန္ဓေမီးသတ်တပ်ဖွဲ့ ’ အဖြစ်လည်းကောင်း၊ မြို့နယ်များမှ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ဝင်များကို ‘အရန်မီးသတ်တပ်ဖွဲ့ ’ အဖြစ်လည်းကောင်း၊ စက်ရုံ/ အလုပ်ရုံနှင့် ကုမ္ပဏီများမှ မီးသတ်တပ်ဖွဲ့ဝင်များကို ‘သီးသန့်မီးသတ်တပ်ဖွဲ့ ’ အဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ အခြားမြို့နယ်များကဲ့သို့မဟုတ်ဘဲ တာမွေမြို့နယ်မှာ အထပ်မြင့်တိုက်တာ အဆောက်အဦများ၊ သိုလှောင်ရုံများ၊ အီလက်ထရောနစ်နှင့်ဆိုင်သော အရောင်းပြခန်းများ ခေတ်စနစ်နှင့်အညီ ခေတ်မီ တိုးတက် များပြားလာတာနှင့်အမျှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဟာ ယခင်ကလို သမားရိုးကျ ဆောင်ရွက်လို့မရတော့ပါကြောင်း၊ ဒါကြောင့် ဒီသင်တန်းကနေ ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များကို စနစ်တကျ သင်ကြားပို့ချ ပေးမှာဖြစ်ကြောင်း၊မီးခိုးများအကြား လှုပ်ရှားသွားလာခြင်း၊ ကြိုးချည်နည်းများ၊ မီးငြှိမ်းသတ်ရေး စနစ်များကို တက်ရောက် လာသော သင်တန်းသားများမှ သေသေချာချာ လေ့လာသင်ယူကြဖို့ အထူးမှာကြားလိုပါကြောင်း ” စသည်ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များ၊ စစ်ရေးပြဘာသာရပ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစား အမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူးအမျိုးမျိုး၊ မီးသတ်ဆေးဘူး လက်တွေ့ အသုံးပြုနည်း၊ မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုး၊ မီးခိုးများအကြား လှုပ်ရှားသွားလာခြင်း၊ ကြိုးချည်နည်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ အရန်မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းတာဝန် များနှင့် မီးငြှိမ်းသတ်ရေး နည်းစနစ်များကို ၂၀၂၂−ခုနှစ် ဇန်နဝါရီလ( ၃ ) ရက်နေ့မှ ဇန်နဝါရီလ( ၂၈ ) ရက်နေ့အထိ တစ်ပတ်လျှင်ငါးရက်ဖြင့် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ သင်တန်းသား(၃၅)ဦးတို့အား သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်မှု အကြိမ်ရေ (၅)ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီးကြောင့် တစ်ကြိမ်၊ မသမာသူများ ကြောင့်(၄)ကြိမ် ဖြစ်ပေါ်ခဲ့ကာ ဆုံးရှုံးမှုးတန်ဖိုး ငွေကျပ် (၈.၅၅)သန်းခန့်ရှိကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်